ကျွန်တော် (၁၀) တန်းရောက်တော့ အဖေ ဆေးပင်စင်နဲ့ တပ်ထဲကထွက်လိုက်ပါပြီ၊ တစ်မိသားစုလုံး ရပ်ကွက်ထဲမှာ အိမ်တစ်လုံးဝယ်ပြီး နေကြပါတယ်..၊ ကျွန်တော် (၁၀) တန်းဆရာတစ်ယောက်ရဲ့ အိမ်မှာ Night Study လုပ်ပါတယ်..၊ ညဆို ၇ နာရီလောက်အိမ်ကသွားရပါတယ်..၊ ကျွန်တော့်အိမ်ကနေ ဆရာ့အိမ်ကို သွားဖို့ဆိုရင် ကုတင် (၁၀၀) စစ်ဆေးရုံထဲကနေ ဖြတ်ရပါတယ်..၊ မိနစ်နှစ်ဆယ်လောက်တော့ လမ်းလျှောက် ရပါတယ်..၊
အဲဒီစစ်ဆေးရုံမှာ ရင်ခွဲရုံရှိပါတယ်…၊ စစ်တပ်ဆေးရုံဆိုတော့ သိတဲ့အတိုင်းပဲ…၊ လေဝင်ပေါက်မှာ ရှိတဲ့ မှန်တွေက ကွဲနေပြီး အထဲကို အတိုင်းသားမြင်ရပါတယ်..၊ ရင်ခွဲရုံတံခါးကိုတော့ အမြဲတမ်းသော့ခတ်ထားပြီး… အရှေ့မှာ ဆင်ဝင်ပုံစံ ဝရံတာလေးရှိပါတယ်..၊ အဲဒီဝရံတာလေးမှာ မီးလုံးတစ်လုံးချိတ်ဆွဲထားပါတယ်..
တစ်ည ကျွန်တော် ထမင်းစားရင်းနဲ့ Night Study သွားမယ့်အချိန် တော်တော် နောက်ကျသွားတယ်..၊ အိမ်က စထွက်တော့ကို 7:45 လောက်ရှိနေပြီ..၊ ကျွန်တော်လည်း နောက်ကျနေတာကြောင့် ခပ်မြန်မြန် လမ်းလျှောက်ခဲ့တယ်..၊ ကျွန်တော် လျှောက်နေတဲ့လမ်းက မှောင်ပါတယ်.. ဘာမီးမှမရှိပါဘူး.. ရင်ခွဲရုံနားကို ရောက်တော့ ဝရံတာမှာ ချိတ်ထားတဲ့ မီးအလင်းရောင်နဲ့ ရင်ခွဲရုံပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မြင်ရတယ်… ကျွန်တော်လည်းအမှုမဲ့ အမှတ်မဲ့ ရင်ခွဲရုံဘက်ကို တစ်ချက်လှမ်း ကြည့်လိုက်တယ်..၊ ကျွန်တော်မြင်ခဲ့ရတဲ့ မြင်ကွင်းကို ကျွန်တော်အခုထိ ညအိပ်တော့မယ်ဆို မြင်ယောင်နေတုန်းပါ… ကျွန်တော် အဲဒီတုန်းက ဘယ်လိုခံစားခဲ့ရလည်းဆိုတာကိုတော့ စာနဲ့ မရေးပြတတ်တော့ပါဘူး… တစ်ခုသိတာကတော့ ကျွန်တော် ကြက်သီးဖြန်းခနဲထပြီး ခေါင်းကြီးသွားတယ်ဆိုတာကတော့ သိပါတယ်…
မြင်လိုက်ရတဲ့ မြင်ကွင်းက.. လေကာမှန်ကွဲနေတဲ့နေရာက ကလေးမလေးတစ်ယောက် ခေါင်းထုတ်ပြီး ကျွန်တော့်ကို လျှာထုတ် ပြောင်ပြနေပါတယ်.. အသက်က အလွန်ဆုံးရှိလှ (၆) နှစ်ပေါ့..၊ လေကာပြတင်းပေါက်က လူကြီးတစ်ယောက် မတ်တပ်ရပ်နေမှ ခေါင်းမြင်ရရုံလောက်မြင့်တာပါ…။ သူ့အသက်နဲ့ ဒီလေကာပြတင်းကို မီဖို့ဆိုရင် ရင်ခွဲရုံထဲခုံတစ်ခုခုပေါ်ကို တက်ပြီး မြင်ရမှာပေါ့..။
ကျွန်တော် ယောင်ယမ်းပြီး မျက်လုံးမှိတ်လိုက်တယ်.. ပြီးတော့ ပြန်ဖွင့်ကြည့်တယ်… ကလေးမလေးက ရှိနေတုန်းပါ… ကလေးမလေးက ချစ်စရာလေးပါ.. ဆံပင်နှစ်ဖက်ကိုချီထားတယ်..၊ ပါးနှစ်ဖက်မှာ ပါးနီတွေ ဆိုးထားသလို နီနီရဲရဲလေးဖြစ်နေတယ်.. ပထမကတော့ ကျွန်တော်ကြောင်ကြည့်နေမိတယ်..ဒါပေမယ့်…. ဒီလိုအချိန်… ဒီလိုလူသေတွေထားတဲ့ ရင်ခွဲရုံထဲမှာ ရိုးရိုးလူ ရှိမနေနိုင်ဘူးလို့ တွေးမိတာနဲ့ ကျွန်တော်ဆရာ့အိမ်ရောက်တဲ့ အထိ တောက်လျှောက်ပြေးခဲ့ပါတော့တယ်…၊
ဒီတစ်ကြိမ်လည်း ကယောင်ကတမ်းဖြစ်ပြီး တစ်ပတ်လောက် ဖျားလိုက်ရပါသေးတယ်…။
ကျွန်တော် ပြန်တွေးကြည့်မိတာက ဒီကောင်မလေးက ကျွန်တော်နဲ့လည်းမသိပဲ ဘာလို့ ကျွန်တော့်ကို လာပြီး စနောက်ချင်တာလဲဆိုတာကိုပါ..၊ တစ်ခုရှိနိုင်တာက ကောင်မလေးက မနေ့ တနေ့က ဆေးရုံမှာ ဆုံးသွားမယ်..၊ ရင်ခွဲရုံထဲမှာ ထည့်ထားမယ်..၊ သူ့ဝိဉာဉ်ကလည်း အဲဒီမှာပဲ ရှိနေမယ်..၊ အဲဒီချိန်မှာ ကျွန်တော့်ကို မြင်တော့ ကလေးတို့ သဘာဝ စချင်နောက်ချင်လို့ အပျော်သဘောသက်သက် လျှာထုတ် ပြောင်ပြတာ ဖြစ်ပါလိမ့်မယ်..၊ ကျွန်တော် ဖျားပြီး ပြန်သက်သာတော့ အဲဒီလမ်းကို တစ်ယောက်တည်း မသွားရဲ လို့ အဖော်ခေါ်ပြီး သွားရပါတယ်..၊ ဒါပေမယ့် အဲဒီကောင်မလေးရဲ့ အရိပ်အယောင်တော့ လုံးဝမတွေ့ရတော့ပါ ဘူး…၊ ကျွန်တော်ကတော့ ဒီချစ်စရာကောင်းတဲ့ကလေးမလေး အဲဒီဘဝကနေ လွတ်ကျွတ်သွားတာဖြစ်ပါစေလို့ အခုထိ ဆုတောင်းဆဲပါ….
No comments:
Post a Comment